မဲဇာတောင်ခြေရတု
ု
ရွှေဘိုနယ် မန်ကျည်းတုံရွာ၌ ၁၀၈၉ ခုတွင် ဦးမြတ်စံကို ဖွားသည်။ ဤ ဦးမြတ်စံကား နောင် ' လက်ဝဲသုန္ဒရ ' ဘွဲ့ရ အမတ်ကြီးပင် ဖြစ်သည်။
အင်းဝ ဆင်ဖြူရှင်လက်ထက် (၁၁၂၅-၁၁၃၈) တွင် ရာဇဝတ်သင့်သည် ဆို၍ မဲဇာသို့ အပို့ခံရသည်။
ထိုအခါ ဆင်ဖြူရှင်၏ ညီတော် အမြင့်မင်း၏ အကြီးတော်အဖြစ် ထမ်းရွက်နေရသည်။ တစ်ခါသော် အမြင့်မင်းသား၏ လူပျိုတော်သား မောင်အောင်ထင်နှင့် နန်းတော်အပျိုတော် မမိတ်တို့သည် ချစ်ကြိုက် နန်းတော်သစ်တပ် အတွင်းကွယ်ရာ၌ စကားပြောနေကြသည်ကို ဆိုင်ရာက ဝိုင်းဖမ်းကြရာ မမိတ်ကိုသာ မိသည်။ မောင်အောင်ထင်ကို မမိလိုက် ထွက်ပြေးလေသည်။
မောင်အောင်ထင်ကို ဆိုင်ရာ အမြင့်မင်းထံ တောင်းတော်မူရာ မရမှ မင်းသား၏ အကြီးတော် ဦးမြတ်စံကို တာဝန်ထား၍ မျက်တော်မူပြီးလျှင် မဲဇာသို့ ပို့တော်မူလေသည်။
မဲဇာအရပ်ကား တောကြီးတောင်ကြီး ၊ လူသူမနီး ၊ ရှားပါးသောအရပ် ၊ အလွန်ချမ်းအေးလျက် အဖျားငှက်ကြီးသောအရပ် ဖြစ်သည်။ (ယခု ကသာ ထီးချိုင့်နယ်တွင် ရှိသည်) ထိုအခါဆီက ရာဇဝတ်သင့်၍ အဝေးပို့ ဒဏ်ခံရသူကို ထိုမဲဇာအရပ်သို့ ပို့တတ်သည်။ ယခုခေတ် တစ်ကျွန်းပို့သည်နှင့်တူသည်။
ဦးမြတ်စံ (လက်ဝဲသုန္ဒရ) မဲဇာ ရောက်ပြီးနောက် မဲဇာမှနေ၍ ရတုပိုဒ်စုံ ရေးဆက်လိုက်ရာ အလွန်ကောင်း၍ နှစ်သက် သနားတော်မူပြီးလျှင် အဝေးပို့ဒဏ်မှ လွှတ်၍ ပြန်ခေါ်တော်မူသည်။ ရတုကား အောက်ပါအတိုင်း ဖြစ်၏။
၁ ။ မဲဇာတောင်ခြေ
စီးထွေထွေတည့် ၊ မြစ်ရေဝန်းလည်း ၊ မြိုင်တောဆီက ၊ ရွှေပြည်သာကို ၊ တရှာတော့မိ ၊ မိုးရှိရှိလျှင် ၊ သီရိကျက်သရေ ၊ တက်ဖြိုးဝေသား ၊ အောင်မြေကြော့ကြော့ ၊ ကုန်းမော့မော့နှင့် ၊ ဘိုးတော့်ကောင်းမှု ၊ တည်ထားပြုသည် ၊ ဇမ္ဗူဆီမီး ၊ ခြောက်ရောင်ညီးမျှ ၊ ဂူကြီးသခင် ၊ ရွှေလင်းပင်နှင့် ၊ ရွှေခြင်္သေ့မွေ ၊ စ၍ရေသော် ၊ ရွှေစေတီကြီး ၊ အသီးသီးတည့် ၊ မိတ်ဆီးခြယ်သမ်း ၊ လျှပ်ရောင်တန်းမျှ ၊ ရွှေနန်းရွှေဘုံ ၊ အလုံးစုံကို ၊ အာရုံမျက်မြင် ၊ ဖူးမြော်ချင်၍ ၊ သည်တွင်ရွှေမြို့ ၊ သည်သို့စေတီ ၊ သည်ဆီရွှေနန်း ၊ ဖြောင့်တန်းတော့မည် ၊ စိတ်ကရည်သည်။ ။ ရွှေပြည်ဌာန ဝေးသောကြောင့်။
၂ ။ သဲသာသောင်မြေ
မြစ်ကမ်းခြေလည်း ၊ အကြေတစ်ပြင် ၊ တို့အောက်ခွင်ဝယ် ၊ ရေရှင်ပတ်ဝန်း ၊ ပျော်ဖွယ်ထွန်းလိမ့် ၊ တစ်ကျွန်းလောက်ပင် ၊ ဝေးမည်ထင်ခဲ့ ၊ စီးသွင်ညိုရစ် ၊ မဲဇာမြစ်လည်း ၊ ထစ်ထစ်သွန်းဘိ ၊ ချုံအတိနှင့် ၊ တောကြီးဆိတ်ညံ ၊ ဆီးကျံကျံဝယ် ၊ ဓူဝံမပေါ် ၊ ရီမှိုင်းသော်ကြောင့် ၊ မမျှော်ပါရ ၊ နေကိုတလည်း ၊ ဘယ်ကရှေ့နောက် ၊ ဘယ်တောင်မြောက်ဟု ၊ တွေးထောက်မမှန် ၊ ဖြစ်ရဟန်ကို ၊ ဖန်ဖန်အံ့ဩ ၊ ကြံတိုင်းမောစွ ၊ ဘယ်တောဘယ်မြိုင် ၊ မသိနိုင်ခဲ့ ၊ မခိုင်စိတ်ဝမ်း ၊ နေ့တိုင်းလွမ်းရှင့် ၊ ကင်းစမ်းတောင်က ၊ လေဦးစ၍ ၊ နောက်မှလေရှည် ၊ အတည်တည်သည်။ ။ လေပြည်လာက အေးသောကြောင့်။
၃ ။ ပွဲခါညောင်ရေ
သွန်းမြဲပေတည့် ၊ ရိုသေသဒ္ဓါ ၊ ထုံးစဉ်လာဖြင့် ၊ မဲဇာရပ်သူ ၊ တောင်းဆုယူသည် ၊ ရွှေဂူတော်နှင့် ၊ ရှုတိုင်းတင့်သား ၊ မိုးမြင့်သီခေါင် ၊ မဲဇာချောင်က ၊ တစ်တောင်လုံးမှိုင်း ၊ စ၍ဆိုင်းသော် ၊ တောင်တိုင်းယှက်၍ ၊ ဝန်းကာ ဝှေ့သည် ၊ တောင်ငွေ့ဝေဝေ ၊ အထွေထွေနှင့် ၊ လေလည်းရောရော ၊ မိုးမပါဘဲ ၊ သံဝါဖြောက်ဖြောက် ၊ ဆီးနှင်းပေါက်လည်း ၊ မိုးလောက်ပြင်းထန် ၊ သွန်းချပြန်သော် ၊ ယုဂန်ထင်ရှား ၊ တောင်တော်ဖျားက ၊ ရထားယာဉ်သာ ၊ နေစကြာလည်း ၊ ရောင်ဝါမထွန်း ၊ ချမ်းရှာလွန်း၍ ၊ တည့်မွန်းချိန်နေ ၊ ရောက်လွယ်စေဟု ၊ စေ့ရေလှည့်လည် ၊ တလျက်မြည်သည်။ ။ နေခြည်ဖြာမှ နွေးသောကြောင့်။
(၁) မိုးရှိရှိ = မိုးလောက်မျှ
ဘိုးတော့်(ကောင်းမှု) = ဆင်ဖြူရှင်၏ဘိုးတော် သီရိမဟာ ဓမ္မရာဇာဘွဲ့ခံ မင်းညိုစံ (မင်းညိုစံ၏သား အလောင်းဘုရား ၊ အလောင်းဘုရား၏ သား ဆင်ဖြူရှင်)
(၂) အကြေ = အောက် (အရပ်)
ဆီးကျံကျံ = (ဆီး + ကျံကျံ)
ဆီး = ဆီးနှင်း
ကျံကျံ = မြည်သံ
ဓူဝံ = ဓူဝံကြယ် ၊ မြောက်အရပ်ကို အမှတ်ပြုရသောကြယ်
ကင်းစမ်းတောင် = ထိုအရပ်၌ရှိသော တောင်တစ်တောင်၏ အမည်။
(၃) ရွှေဂူတော် = မဲဇာအနောက်ဘက် ၊ တောင်ခြေပေါ်ရှိ ရွှေဂူတော်ဘုရား
ယုဂန်တောင် = မြင်းမိုရ်တောင်ကို ခြံရံသော တောင်တစ်တောင် ၊
ထိုယုဂန်တောင်မှာ မြင်းမိုရ်တောင် တစ်ဝက်မျှမြင့်၍ ထိုတောင်ထိပ်ဖျား အမြင့်လောက်မှ နေလှည့်လည် သွားသည်ဟု အယူရှိကြသည်။
Sunday, October 11, 2015
မဲဇာတောင်ခြေရတု
Subscribe to:
Post Comments (Atom)
ကိုအောင်ဒင်နဲ့ မခင်မိတ်လို့ ကြားဖူးပါတယ်။ ကျေးဇူးပါ။ ရတုမှာ သကားလုံး နည်းနည်းမှားနေတာတွေ့ရပါတယ်။
ReplyDelete